လူငယ်နှင့် အနာဂတ်

မနေ့ညက သူငယ်ချင်းတစ်ယောက်ဖုန်းဆက်တယ်။ သူကနိုင်ငံခြားမှာ ကျောင်းတက်နေပါတယ်။ မကြာခင်ကျောင်းပီးတော့မှာ ဘာဆက်လုပ်ရင် ကောင်းမလဲဆိုပီးတိုင်ပင်တာပါ။ သူနဲ့ ဖုန်းပြောပီးတော့ ကျွန်တော်စဉ်းစားတယ်။ ကျွန်တော့်တို့ လူငယ်တွေ အနာဂတ်အတွက် လုပ်သင့်သလဲ။ ကိုယ့်အတွက်၊ ကိုယ်မိသားစု၊ ကိုယ့်လူမျိုး၊ ကိုယ့်ဘာသာ ကိုယ့်နိုင်ငံ အတွက်ပေါ့။ ပထမဆုံး အနီးဆုံးဖြစ်တဲ့ ကိုယ့် အတွက် ကိုအရင် စဉ်းစားကြည့်ရအောင်…

ကျွန်တော်တို့တွေ ကျောင်းပီးလို့ ဘွဲ့တခုခုရရင် အလုပ်ဝင်လုပ်မယ်။ ကျောင်းမပီးခင် ရရာအလုပ်တခုမှာ ခဏလေးမှေးလုပ်မယ်။ ဒီလိုနဲ့ အလုပ်ကိုအကြောင်းပြုပီ ကျောင်းမတက်ဖြစ်တာတွေ၊ အလုပ်က ခွင့်မပြုလို့ စာမေးပွဲမဖြေရတာတွေ စတဲ့ နောက်ဆက်တွဲတွေပေါ်လာပြန်ရော။ ဒါနဲ့ အချိန်တွေကုန်၊ နောက်ဆုံး အိမ်ထောင်ကျ၊ အဆင်ပြေရာမှာဝင်လုပ်ရင်းနဲ့ ဘ၀ ကုန်ဆုံးသွားသူတွေရှိပါတယ်။ ကျွန်တော်အားလုံးကို ပြောတာမဟုတ်ပါဘူး။ လက်တွေ့ဘ၀ မှာ ဖြစ်ပျက်နေတာကိုမြင်နေရလို့ပါ။ ကျောင်းပီး ဘွဲ့ရတော့ ဘာသွားလုပ်စားမလဲ လို့ ပြန်မေးသူတွေ လဲရှိပါတယ်။ ဒါဆိုဘွဲ့မရပဲ ချမ်းသာနေသူတွေလဲ ရှိတာပဲ။ ဘာကြောင့်လဲတဲ့။ ကိုယ်ကိုတိုင်က အဆိုးဘက်ကို တွေးနေရင် ဘေးကလူတွေအနေနဲ့ ၀င်ပြောလဲမထူးပါဘူး။ ဒါဆို သူတို့ရည်ရွယ်ချက်တွေက ဘာလဲ။ ကြုံရာမှာ ဖြစ်သလို့ နဲ့ နေထိုင်သွားတော့မှာလား။ သူတို့တွေမှာ အနာဂတ်ရည်းမှန်းချက်မရှိတော့ဘူးလား။ ယခုလိုတိုးတက်နေတဲ့ ခေတ်ကြီးမှာ နောက်ကျန်နေခဲ့မယ်ဆိုရင်…. ကိုယ့်အနာဂတ်… ကိုယ်ရင်သွေး တွေ အလှည့် ကျရင် မိဘတစ်ယောက်အနေနဲ့ သူတို့လေးတွေကို ကောင်းကောင်းမွန်မွန် လမ်းညွန်ပြနိုင်ပါ့မလား။

နောက်တခု က ဘွဲ့တော့ရပါပီ။ အလုပ်တခုမှာလဲ လုပ်နေပါပီတဲ့။ တသက်လုံး ဒီအလုပ်က ကိုယ့်ကို ကျွေးသွားမှာလား။ ဒီထက် သာတဲ့အလုပ်၊ ကောင်းတဲ့အလုပ် ကိုမစဉ်းစားတော့ဘူးလား။ ဒီမှာ အဆင်ပြေနေတာပဲ၊ ဘာမှပူစရာမရှိဘူးလို့ ပြောတဲ့သူတွေလဲ မရှားပါဘူး။

အခုခေတ်လူငယ်တွေ ကြိုးစားကြပါတယ်။ ကိုယ်ပိုင်အသိစိတ်နဲ့ ကြိုးစားတဲ့သူတွေအများကြီးရှိပါတယ်။ နောက်ကနေလဲ ထောက်ပံ့နိုင်တဲ့ အသိုင်းအ၀ိုင်းရှိကြတယ်။ မထောက်ပံ့နိုင်တဲ့ အသိုင်းအ၀ိုင်းလဲရှိပါတယ်။ ဘာပဲဖြစ်ဖြစ် ကိုယ်ကြိုးစားတဲ့ အတွက် အောင်မြင်မှု့ဆိုတာ မဝေးပါဘူး။

မိဘ တွေအနေနဲ့လဲ ကိုယ့် သားသမီးတွေ ဘာဖြစ်စေချင်တာထက် ဘာလုပ်ချင်လဲ ဆိုတာကို အရင်လေ့လာသင့်ပါတယ်။ ဆယ်တန်းကို အမှတ်ကောင်းကောင်းဂုဏ်ထူးများများနဲ့ အောင်ရင် ဆရာဝန်ဖြစ်ရမယ် ဆိုတဲ့ စိတ်ကြီးက ယခုခေတ်ထိ မိဘတွေစိတ်ထဲ မှာ စွဲနေတုန်းပါ။ ကိုယ့်သားသမီးက အင်ဂျင်နီယာ ဖြစ်ချင်တယ်။ မရဘူး ဆေးကျောင်းတက်ရမယ်ဆိုရင် ပျော်ရွှင်နိုင်ပါ့မလာ။ မလွန်ဆန် နိုင်လို့သာ တက်ရတယ်။ ၀ါသနာမပါ၊ စိတ်မ၀င်စားတဲ့ အကြောင်းအရာကို လေ့လာရမယ်ဆိုရင် ထူးချွန်ထက်မြတ်လာနိုင်ပါမလား။ စိတ်မ၀င်စားတော့ မလေ့လာ၊ မလေ့လာတော့ စာမေးပွဲမှာ ဒုက္ခရောက်၊ စာမေးပွဲကျ၊ စိတ်ညစ်၊ မလုပ်သင့်တာတွေလုပ်၊…. အဲဒီမှာ ဆယ်တန်းမှာ ရခဲ့တဲ့ အမှတ်တွေ၊ ဂုဏ်ထူးတွေ အလကားရေစုန်မြောကုန်ရော…

မိဘတွေအနေနဲ့လဲ ကိုယ်ဖြစ်ချင်တာမဖြစ်ခဲ့ရလို့ သားသမီးကိုဖြစ်စေချင်တာလဲ သူတို့စေတနာပါ။ ဒါပေမယ့် ကိုယ့်သားသမီးဘာဖြစ်ချင်တာလဲ ဆိုတာကိုတော့ အရင်လေ့လာသင့်တယ်လို့ထင်ပါတယ်။

အခုခေတ်လူငယ်တွေမှာ အခွင့်အရေးတွေအများကြီးပိုရှိလာပါတယ်။ တိုးတက်လာတဲ့ နည်းပညာတွေနဲ့ အတူ ဘေးထွက်ဆိုးကျိုးတွေလဲ ပါလာပါတယ်။  လေ၀င်တာလိုချင်လို့ ပြတင်းတံခါးဖွင့်ထားရင် လေနဲ့ အတူ ဖုန်၊သဲ အမှိုက်တွေ ၀င်လာသလိုမျိုးပဲပေါ့။ အချိန်ဆိုတာကုန်မြန်ပါတယ်။ ကိုယ်မသိလိုက်တဲ့ ခဏအတွင်းမှာ အခွင့်အရေးကောင်းတွေ လွတ်သွားတတ်ပါတယ်။

ကျွန်တော်တို့ လူငယ်တွေလည်း ကိုယ်ဘာဖြစ်ချင်လဲဆိုတဲ့ ရည်မှန်းချက် အနာဂတ် ကို သေသေချာချာ ဆုံးဖြတ်ချက်ချပီး သေချာဂရုစိုက် ကြိုးစားမယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ အောင်မြင်မှု့တွေ့ မပျက်မကွက် စောင့်ကြိုနေမှာ အမှန်ပဲ။

ပတ်ဝန်းကျင်က တွန်းအားထက် ကိုယ်ကိုယ်တိုင်တွန်းတဲ့အားက ပိုအရေးကြီးပါတယ်..

Gtalk မယ့်အစား Blog ပါလား . . .

ခေါင်းစဉ်ကိုကြည့်လိုက်ရင်တော့ Gtalk မှာချက်တင်ဝင်မယ့်အစား Blog ရေးပါလားလို့ တွန်းအားပေးသလို့ အဓိပ္ပာယ်သက်ရောက် နေပါလိမ်ယ်။ ဒီခေါင်းစဉ်နဲ့ပို့စ်ကို ရေးပေးဖို့ မိုးထက်အိမ်က Tag ထားတာလွန်ခဲ့တဲ့ ၂ပတ်ကျော်ကျော် လောက်ကပေါ့။ ရေးမယ်..ရေးမယ် နဲ့ စိတ်ကူးထားတာတော့ ကြာပါပြီ။ အခုမှပဲ ရေးဖြစ်တော့တယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်ကပေါ့။ ၆နှစ်ကျော်ကျော်လို့တော့ထင်ပါတယ်။ မြန်မာနိုင်ငံမှာ Broadband အင်တာနက်ကွန်နက်ရှင် စတင်အသုံးပြုခဲ့နိုင်စဉ်တုန်းကပေါ့။ အဲဒီအချိန်မှာ ကျွန်တော်က Web Develovement ကုမ္ပဏီတခုမှာ Web Developer အနေနဲ့ အလုပ်ဝင်လုပ်နေတာပေါ့။ အဲဒီအချိန်တုန်းက ချက်တင်ဆိုတာတွေ အရမ်းခေတ်စားနေတဲ့ အချိန်ပေါ့။ ပေါ်ခါစလဲဖြစ်တော့ လူငယ်တော်တော်များများ ချက်တင်ဝင်ကြတယ်။ အခုလို အင်တာနက်ဆိုင်ဆိုတာ လက်ချိုးရေတွက်လို့ရတယ်။ အများစုက အင်တာနက်ကွန်နက်ရှင်နဲ့ ဆက်သွယ်ထားတဲ့ လုပ်ငန်းတွေက ၀န်ထမ်းအများစုနဲ့ နိုင်ငံရပ်ခြားရောက်နေတဲ့ သူတွေအသုံးပြုကြတာများပါတယ်။

ကျွန်တော်လုပ်နေတဲ့ ကုမ္ပဏီက ပြည်တွင်း Search Engine တခုကိုလုပ်ထားတယ်။ ပြည်တွင်းအင်တာနက်လောကမှာ နာမည်တခုရတဲ့အထိအောင်မြင်ခဲ့တယ်။ ရွှေနက် ဆိုတဲ့ နာမည်နဲ့ပေါ့။ နောက် ရွှေနက်ချက်ရွန်းဆို ပြည်တွင်းပြည်ပ မှာ လူကြိုက်များခဲ့တဲ့ ချက်ရွန်းတခုပေါ့။ ကျွန်တော်က ရွှေနက်ချက်ရွန်းရဲ့ Admin ပေါ့နော်။ တစ်ခါတလေ ချက်ရွှန်းထဲ မ၀င်ထားတာတွေ့ရင် ကျွန်တော်ကိုသူဌေးက ဆူတယ်။ ဘာလို့ချက်တင်မ၀င်တာလဲတဲ့။ ချက်ချင်းဝင်တဲ့… သူဌေးဆိုပေမယ့် ကျွန်တော့်ဆရာလို အစ်ကိုလိုပါပဲ။ အဲဒါနဲ့ ကျွန်တော်လည်း ချက်တင်ဝင်ရတာပေါ့။ ၀င်လာတဲ့ ချက်တာတွေကို ဧည့်ခံစကားပြော၊ သူတို့လိုအပ်ချက်တွေဖြည့်ပေးနဲ့ တခြားအလုပ်ကိုမလုပ်ရဘူး။ အခုပြောခဲ့တဲ့ ချက်ရွန်းက အများနဲ့ပြောတဲ့ချက်ရွန်းပေါ့။ တဦးချင်းစီ ပြောနိုင်တဲ့ အခုခေတ် Gtalk, Yahoo Messenger နဲ့ MSN တို့လို့မဟုတ်သေးပါဘူး။ တစ်ဦးချင်ပြောချင်ရင် Private Message လောက်ပဲပို့လို့ရသေးတာ။ ကျွန်တော်က Admin ဆိုတော့ အပြောကလည်းကောင်း၊ (ရုပ်ကလည်းခန့်ချောလေး… :P :P :P ) သူတို့လိုအပ်တာတွေကိုတတ်နိုင်သလောက်ဖြည့်ဆည်းပေးတော့ ကျွန်တော့် Nick Name က ပြည်တွင်းပြည်ပမှာ တော်တော်နာမည်ကြီးခဲ့တာပေါ့။ အဲလောက်ဆိုရင် ကျွန်တော့် ချက်တင် အစွမ်းအစ ကိုသိလောက်ပြီပေါ့။ အခု အဲဒီ Nick Name ကိုကျွန်တော်မသုံးပဲထားခဲ့တာ အတော်ကြာပြီ။

နောက်တော့ မြန်မာနိုင်ငံကို Yahoo Messenger ဆိုတာရောက်လာတော့ သုံးကြတာပေါ့။ အပေါ်ကပြောတဲ့ ချက်ရွန်းနဲ့ သုံးရတာအရမ်းကွာတာကိုး။ ဘယ်လောက်များသုံးခဲ့လဲဆိုရင် ဘေးချင်းကပ်ထိုင်နေရင် အလုပ်အတူတူလုပ်နေတဲ့ သူငယ်ချင်းနဲ့တောင် Yahoo Messenger နဲ့ပြောတာ။ ကွန်နက်ရှင်ကလည်း မြန်တာကို… တယ်လီဖုန်းလိုင်းကို 142 နဲ့ Dial up လုပ်တဲ့ကွန်နက်ရှင်ကနေ Broad Band ကိုပြောင်းသုံးနေခါစဆိုတော့ အကြိုက်တွေ့လို့…..

သိပ်မကြာဘူး။ Gmail ဆိုတာပေါ်လာတယ်။ Gtalk တော့မပေါ်သေးဘူး။  Gmail Account လိုချင်ရင် ရှိပြီးသား တစ်ယောက်က Invite လုပ်မှ Account ဖွင့်လို့ရတုန်းပဲရှိသေးတယ်။ အခုလိုချင် အခုက်ချက်ချင်းကောက်လုပ်လို့မရသေးဘူး။ နောင်တချိန်မှာ Gtalk ဆိုတာေ ပ်ါလာမယ်ဆိုတာ မသိသေးလို့ Yahoo ပေါ်မှာပဲ ပျော်နေကြတယ်။

နောက်တဖြည်းဖြည်းနဲ့ အချိန်တွေကြာလာတဲ့အမျှ နည်းပညာတွေတိုးတက်လာပြီး ချက်တင်ဆိုတာ တွေအများကြီးပေါ်တယ်။ လူငယ်တွေလည်း အင်တာနက်ရေစီးကြောင်းမှာ မျောပါရင် ချက်တင်ဆိုတာနဲ့ အချိန်ကုန်နေကြတယ်။ အခုခေတ်ဆိုရင် လူငယ်တိုင်းလိုလိုပေါ့။ အင်တာနက်ဆိုင် သွားပြီဆိုတာနဲ့ ချက်တင်ဝင်ဖို့က ၉၀%ကျော်ကျော်သေချာပါတယ်။

ချက်တင်နဲ့ပတ်သက်လို့ ကောင်းတာတွေရှိသလို့ မကောင်းတာတွေလည်းရှိပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် လူချင်းတွေ့ဖို့ခက်ခဲ့ နေတဲ့အချိန်တွေမှာ ချက်တင်ဆိုတာ တော်တော်အသုံးဝင်တဲ့ အရာတခုပေါ့။ နိုင်ငံရပ်ခြားရောက်နေတဲ့ မိဘဆွေမျိုးသားချင်း တွေနဲ့ အလွယ်တကူ ပြောဆိုဆက်သွယ်နိုင်သလို့ သတင်းအချက်အလက်တွေကို အချိန်နဲ့တပြေးညီ သိနိုင်တယ်။ ဒီထက်မက အသုံးဝင်တာတွေအများကြီးရှိပါတယ်။ ကောင်းတဲ့ရည်ရွယ်ချက်နဲ့ သုံးမယ်ဆိုရင်ပေါ့လေ။

ကွန်ပျူတာမော်နီတာ နောက်ကွယ်ကနေ တစ်ဖက်နဲ့ တဖက် မသိဖူးမမြင်ဖူးပဲနဲ့ ပြောဆိုဆက်ဆံနေသူတွေလည်း မနည်းပါဘူး။ မကောင်းမှုတွေလုပ်၊ အရည်မရ အဖတ်မရ စကားတွေနဲ့ အချိန်ကုန်တာလည်း ဒီချက်တင်ပါပဲ။ မကောင်းတာတွေ တန်းစီပြီးပြောရရင် ဆုံးမှာမဟုတ်ပါဘူး။ ဘယ်အရာမဆို တန်ဆေးလွန်ဘေး ဆိုတာမျိုးပဲဖြစ်သင့်ပါတယ်။

ကျွန်တော်လည်း တချိန်က ချက်တင်ကို အရူးအမူးဖြစ်ခဲ့သူတစ်ယောက်ပါ။ ထမင်းစားလဲဒီစိတ်၊ အိပ်လဲဒီစိတ်ပဲ။ နောက်တော့ တဖြည်းဖြည်း နားလည်သဘောပေါက်လာပြီး ဆင်ခြင်လာခဲ့တာ အခုဆိုချက်တင်မ၀င်တာအတော်ကြာပေါ့။ ခေတ္တခဏ ၀င်တာလောက်ကလွဲရင်ပေါ့။ သူငယ်ချင်းတွေနဲ့ မတွေ့တာကြာလို့ဖြစ်ဖြစ် ကိုယ်ပြောချင်စရာတခုခုလောက်ရှိရင်ပဲဖြစ်ဖြစ် ခဏတဖြုတ် ၀င်တာလောက်ပဲရှိတော့တယ်။

အဲလိုမ၀င်လို့ ဘာလုပ်နေလဲဆိုသလဲ မေးရင်တော့ ဘလော့နဲ့ အချိန်ကုန်နေတာပေါ့။ ကျွန်တော့်ဘလော့တော်တော်များများရေးခဲ့ သုံးခဲ့ဖူးပါတယ်။ ကျွန်တော် ဘလော့ရေးဖြစ်တာ အခုဆိုရင် ၂နှစ်ခွဲကျော်ကျော်လောက်ရှိပြီ။ ဘလော့ဆိုဒ် ပေါင်းများစွာ စမ်းခဲ့သုံးခဲ့ဖူးပါတယ်။ စသုံးခဲ့တာက အခုအသုံးများနေတဲ့ Blogger.com ခေါ် blogspot.com ပေါ့။ အဲဒါနဲ့သိပ်မကြာလို့ဘူး။ ဘာလို့လဲဆိုတော့ Access Denied ဆိုတဲ့ဟာကြီးနဲ့တွေ့လို့ပေါ့။ နောက် ကျွန်တော် WordPress သုံးတာအခုအထိပေါ့။ အခုထိစွဲစွဲမြဲမြဲ သုံးနေတုန်းပေါ့။ တစ်ခြားဘလော့တွေဖြစ်တဲ့ Microsoft ရဲ့ Live Space Blog၊ Yahoo ရဲ့ Yahoo360၊ LiveJouranl စသည်ဖြင့်များစွာသုံးခဲ့ပါတယ်။ သုံးလည်းသုံးနေဆဲပါ။

ကျွန်တော်ဘာလို့ ဘလော့ရေးလဲဆိုတာ ကျွန်တော့်အတွက်ကတော့ သူများနဲ့မတူဘူးလို့ထင်တယ်။ သူများတွေက စာရေးတာ၊ ကဗျာရေးတာ စိတ်ဝင်စားလို့ ဘလော့ရေးတာ တော်တော်များများပါတယ်။ ကျွန်တော့်ကတော့ အဲလိုမဟုတ်ပါဘူး၊ ကျွန်တော်စာရေးရတာထက် စာဖတ်တာပိုဝါသနာပါပါတယ်။ ဒါကြောင့်သူများဘလော့တွေလိုက်ဖတ်၊ သူတို့ဘလော့တွေမှာ ဘယ်လို့တွေအလှဆင်ထားလည်းလိုက်ကြည့်၊ Effect တွေ၊ Widget ဘာတွေသုံးထားလည်းကြည့် ပြီးတော့ကိုယ်တိုင်စမ်း၊ ကိုယ့်ဘလော့မှာ ထည့်ပေါ့။ မထည့်ဖြစ်တာများပါတယ်။ Widget Site တွေကြည့်ရင်နဲ့ ကိုယ်မသိတာတွေသိလာ၊ မမြင်ဖူးတာတွေမြင်လာ၊ စိတ်ဝင်စားတော့ စမ်းရင်းစမ်းရင်းနဲ့ လုပ်တတ်လာ၊ ကိုယ်အတွက်တန်ဖိုးဖြတ်မရတဲ့ အတွေ့အကြုံတွေ ပညာတွေရလာတာပေါ့။ ဒါကကျွန်တော်ဘလော့ရေးရတဲ့ရည်ရွယ်ချက်ပေါ့။ ကျွန်တော်ရေးတဲ့ စာတွေကလည်း သူများတွေလိုဆွဲဆောင် နိုင်တဲ့စာတွေ ရေးနိုင်တဲ့သူမဟုတ်တော့ လူသိပ်မကြိုက်ကြဘူး။ ရေးရင်းရေးရင်နဲ့ ဘေးချော်သွားတာက အများကြီး။ ဖတ်တဲ့သူတွေအတွက်ကတော့ ရယ်စရာတွေဖြစ်နေတာပေါ့။ ဘာပြောချင်လို့ပြောမှန်းမသိကြာဘူး။

ဒါပေမယ့် အခုချိန်မှာ ကျွန်တော် Chatting ထက် Blogging ကိုအချိန်ပိုပေးထားပါတယ်။ ဖိုရမ်မာ အဖြစ်ကနေလည်း ရပ်ထားခဲ့တာ အတော်ကြာပါပြီ။ Chatting ပဲဖြစ်ဖြစ် Blogging ပဲဖြစ်ဖြစ် သူ့နေရာနဲ့သူ အံဝင်ဂွင်ကြသုံးကြမယ်ဆိုရင် အကောင်းချည်းပါပဲ။ မကောင်းတဲ့ဘက်မှာ သုံးရင် မကောင်းတဲ့ ရလဒ်တွေပဲရမှာပါ။ သုံးတဲ့သူအပေါ်မှုတည်ပါတယ်။ Chatter တွေ Chating ကို စွဲသလို Blogger တွေ လည်း Blog ကိုစွဲလန်းကြတာပါပဲ။ ဘာပဲဖြစ်ဖြစ် အချိန်တခု သတ်မှတ်ပြီး သုံးစွဲနိုင်ရင်အကောင်းဆုံးပေါ့။ အင်တာနက်ပေါ်မှာ သုံးမကုန်စွဲမကုန် နည်းပညာအရင်းအမြစ်တွေ၊ စာပေပညာတွေ၊ ဗဟုသုတတွေ အများကြီးရှိပါတယ်။ ဒါတွေကိုရနိုင်သလောက် လေ့လာသင်ယူ ဖတ်ရှုသင့်ပါတယ်။ ဒါတွေကမှအမှန်တကယ် ကိုယ့်အတွက် အသုံးဝင်မယ့်အရာတွေဖြစ်ပါတယ်။ အားလုံးပဲ အဓိကနဲ့ သာမည ခွဲခြားတတ်ပါစေ။

မိုးထက်အိမ်ရေ…. ကျွန်တော်ရေးခဲ့ပါပြီ။ ဖတ်ချင်တဲ့ အကြောင်းအရာလွဲချော်သွားရင် ခွင့်လွှတ်ပါ။ ကျွန်တော့်ကို ၂ပုဒ်တောင် Tag ထားတယ်ဆိုတော့ ကျွန်တော်လည်းတစ်ပုဒ်လောက်ပြန် Tag ပါရစေ။ အကြောင်းအရာကတော့ လူငယ်နှင့် အနာဂတ် ဆိုတာလေးပါ။ မိုးထက်အိမ် အမြင်လေးကိုပေါ့။ စောင့်မျှော်နေပါတယ်။

(အထက်ပါရေးသားခဲ့သော အကြောင်းအရာများသည် ကျွန်တော့်စိတ်ကူးနှင့် အာဘော်များသာဖြစ်ပါသည်။)

Happy Birthday to Waing . . .

ဒီနေ့ နေ့လည် ထမင်းစားပြီးပြန်လာတော့ ၀ိုင်း ဆီကစာရပါတယ်။ မနက်ဖန် နိုဝင်ဘာ ၃ ရက် မှာကျရောက်မယ့် မွေးနေ့အတွက် ဒီနေ့ ညနေ စီးတီးဟောက ဆိုင်မှာ တွေ့ကြမယ်လို့ လှမ်းဖိတ်တာပါ။ ခဏနေ ဂျီတော့ပေါ်တက်တော့ ထပ်ဖိတ်ပါတယ်။ ကျွန်တော်အလုပ်က ၇း၀၀ မှပြီးမယ်လို့ပြောတော့ ထပ်ဖိတ်ပြန်တယ်။ ဒါနဲ့အလုပ် ပြီးတော့ ၇း၃၀ နေပါပြီ။ ဒါနဲ့ဖုန်းဆက်ပြီး လာနေပြီလို့လှမ်းပြောလိုက်တယ်။

စီးတီးဟောသွားဖို့ ရုံးကနေထွက်လာပြီး ကားလမ်းမပေါ်ရောက်တော့ Taxi ငှားပြီးတော့ သွားလိုက်ပါတယ်။ ကားပေါ်မှာ ယာဉ်မောင်းနဲ့စကားပြောရင်း သူက ကျွန်တော်ဘယ်ကလာတာလဲလို့ မေးတော့ မြန်မာကပါလို့ပြောလိုက်တယ်။ အခြေအနေဘယ်လိုလဲတဲ့။ ကျွန်တော်ဘယ်လိုဖြေရမလဲ မသိတော့ဘူး။ ရီပဲရီနေလိုက်ပါတယ်။ သူကထပ်မေးတယ်။ မြန်မာ နိုင်ငံက ထွက်ကုန်ဘာရှိလဲတဲ့။ သူတစ်ခေါက် ရောက်ဖူးတယ်။ မြန်မာလူမျိုးတွေ အရမ်းယဉ်ကျေးကြတယ်တယ် လို့ပြောတယ်… ဒါနဲ့ကျွန်တော်က ဘယ်ရမလဲ…. ခုဏမေးခွန်းမှာ မဖြေခဲ့ရသမျှ အခုတခါကြတော့ အများကြီးပြောလိုက်တယ်။ ငါတို့မြန်မာနိုင်ငံ က ကိုယ်ပိုင်ဘာသာစကား၊ ကိုယ်ပိုင်အက္ခရာ၊ ကိုယ်ပိုင်ယဉ်းကျေးမှုရှိတယ်။ မြန်မာ့ ကျွန်းသစ်၊ မြန်မာ့ပတ္တမြား ဆိုတာတွေ ကမ္ဘာကျော်၊ နောက်အခု သဘာဝဓတ်ငွေ့ဆိုရင် ကမ္ဘာပေါ်မှာ နံပတ် ၁၀ နေရာမှာရှိတာ လို့ပြောလိုက်တော့ ပါးစပ်အဟောင်းသားလေးနဲ့ နားထောင်နေတယ်။ သူထပ်မေးတယ်.. ကျွန်တော့်ကို မြန်မာကိုချစ်သလားတဲ့။ ကျွန်တော်နည်းနည်းဒေါသထွက်သွားပြီး ကျွန်တော်တို့ မြန်မာလူမျိုးတိုင်း မြန်မာနိုင်ငံကိုချစ်တယ်။ အခြေအနေတခုခု ကြောင့်သာ အဝေးရောက်နေရတာ။ အချိန်တန်ရင် မြန်မာကိုပြန်မဲ့သူတွေချည်းပဲလို့ပြောတော့…. သူကျွန်တော်သိပ်မကြည်တော့ဘူးဆိုတာ သိသွားတယ်ထင်ပါရဲ့…အဲလိုပြောတာမဟုတ်ပါဘူး။ တောင်းပန်ပါတယ်ဆိုပြီး ဖြစ်သွားတယ်။ နောက်တော့ တခြားအကြောင်းတွေဘက် စကားလွှဲသွားတယ်။

စီးတီးဟောရောက်တော့ ၀ိုင်း ဆီဖုန်းဆက်ပြီး သူရှိနေတဲ့ စားသောက်ဆိုင်ကိုသွားတယ်။ ဟိုရောက်တော့ တခြားဘလော့ဂ်ဂါတွေလည်းရောက်နေကြပြီ။ ကျွန်တော်မသိတဲ့သူတွေချည်းပဲ။ ၀ိုင်း ကပဲမိတ်ဆက်ပေးပါတယ်။ နောက်တော့ စကားပြောကြ၊ စကြနောက်ကြနဲ့ ၉း၀၀ လောက်ကျတော့ပြန်လာခဲ့ပါတယ်။

ဝိုင်းရေ…… မနက်ဖန် ၃ရက်နေ့မှာ ကျရောက်မယ့် မွေးနေ့ရက်မြတ်မှသည် နောင်နှစ်ပေါင်းများစွာ ချစ်ခင်ရသော မိသားစုနှင့်အတူ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျမ်းမာခြင်းနဲ့ ပြည့်စုံပြီး အမျိုးဘာသာ သာသနာ အကျိုးထမ်းရွက်နိုင်သော အမျိုးကောင်းသမီးလေးဖြစ်ပါစေ။ ခင်မင်သော သူငယ်ချင်းများနှင့် ပျော်ရွှင်ဖွယ်ရအချိန်များကိုရယူပိုင်ဆိုင်နိုင်ပြီး အောင်မြင်သော ဘလော့ဂါတစ်ယောက်ဖြစ်ပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါတယ်။

ယုံကြည်မှု

မိုးထက်အိမ်က တဂ် ထားတာအတော်ကြာနေပြီ။ ဒါပေမယ့် မအားသေးလို့မရေးဖြစ်သေးတာ။ အခုတော့ သိသလောက်လေး ရေးလိုက်ပါပြီ။

ဖတ်ချင်တဲ့ အကြောင်းအရာခေါင်းစဉ်အောက်က ခွဲထွက်သွားရင်းတော့ တောင်းပန်ပါတယ်။ ကျွန်တော်က ဒီလိုအကြောင်းအတွက်ဖြစ်မယ်ထင်လို့ အဲ… ယုံကြည်လို့ရေးလိုက်တာပါ။

ကိုယ့်ကိုကိုယ်ယုံကြည်မှု စကားလေးကတော်တော်ကြီးကျယ်ပါတယ်။ ကြီးကျယ်တယ်ဆိုပေမယ့် သူ့အနောက်က လိုက်လာတဲ့ အဓိပ္ပာယ်ကလည်း ပိုကြီးကျယ်ပါတယ်။

မိမိကိုယ် မိမိ ယုံကြည်ခြင်း ဆိုတာ အောင်မြင်သူတွေရဲ့ ပထမဦးဆုံး သော့ချက်ပါပဲ။ (နီကီတာခရုရှက်)
မိမိကိုယ်ကို မိမိယုံကြည်မှ သူတပါးရဲ့ ယုံကြည်မှုကိုရမှာပါ။ ကိုယ့်ကိုကိုယ် ယုံကြည့်မှုမရှိတဲ့သူ၊ ကိုယ့်အရည်အချင်းကို ကိုယ်မယုံကြည်တဲ့သူ၊ ကိုယ့်ကိုယ်ကို တန်ဖိုးထားထိုက်တဲ့သူ လေးစားထိုက်တဲ့သူ ဂုဏ်သိက္ခာရှိတဲ့ သူတစ်ယောက်လို့ မခံစားရတဲ့သူဟာ သူ့အစွမ်းအစတွေ အကုန်လုံးကိုထုတ်ပြီးတော့ သူများအကျိုးရော အများအကျိုးကိုရော ဆောင်ရွက်နိုင်တဲ့သူ ဖြစ်မလာနိုင်ဘူး။

ဒါကြောင့် လူတွေကို ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိအောင်၊ ကိုယ့်ကိုကိုယ် အထင်သေးအောင် တစ်နည်းနည်းနဲ့ လုပ်လိုက်မယ်ဆိုရင် အဲဒီလူရဲ့ဘ၀ကို ဖျက်ဆီးလိုက်သလို ဖြစ်သွားပြီးတော့၊ လူ့အသိုင်းအ၀ိုင်းကြီးကို သူ့အနေနဲ့ အကျိုးပြုနိုင်တဲ့ စွမ်းရည်သတ္တိကိုပါ ဖျက်ဆီးလိုက်သလိုဖြစ်သွားပြီ။

ကိုယ်ကိုသူများယုံကြည်မှုရှိအောင် လုပ်သင့်တာက -
၁။ ပွင့်လင်းမှု
၂။ မျှတမှု
၃။ ခံစားမှု
၎။ ယုံကြည်မှု
၅။ တစ်သမတ်ဖြစ်မှု
၆။ ကတိစကားတည်
၇။ အမှန်ပြော
၈။ အရည်အသွေးပြမှု။ ဒါတွေလိုအပ်ပါတယ်။

လက်တွေ့စီးပွားရေးလောကမှာ တစ်ဖက်သားရဲ့ ယုံကြည်မှုကိုရလိုက်ပြီဆိုရင် သူရဲ့လုပ်ငန်းမှာတိုးတက်ဖို့က ရာနှုန်းပြည့်သေချာသွားပါတယ်။

နိုင်ငံရေးလောကမှာကြည့် – အမေရိကန်က အီရက်ကိုဝင်တိုက်တယ်။ သူတို့နှုတ်ကနေ အီရက် နျူကလီယားလက်နက်တွေထုတ်နေတယ်ဆိုပြီး အကြောင်းပြတယ်။ အမှန်တကယ်သာ သူတို့ယုံကြည်သလို အီရက်မှာ အဲလိုအဖျက်လက်နက်တွေရှိနေခဲ့ရင် စစ်ပွဲဖြစ်နေချိန်မှာ အီရက်ကထုတ်သုံးခဲ့မှာပေါ့။ အမေရိကန်အနေနဲ့ လက်နက်မရှိတာကို ယုံကြည်လို့ ၀င်တိုက်ခဲ့တာပဲ။ စစ်ပွဲပြီးတော့ကော လက်နက်တွေတွေ့ခဲ့ရလား။

နောက်တချက်- အမှန်တကယ် နျူကလီးယားလက်နက်ရှိတယ်လို့ သူတို့ယုံကြည်နေတဲ့ မြောက်ကိုရီးယားနဲ့ အီရန်ကိုကြတော့ သတိထားပြီး ဂရုတစ်စိုက်ကိုင်တွယ်တယ်။

လူတိုင်းမှာ ကိုယ့်ယုံကြည်ချက်၊ ကိုယ်ခံယူချက်တော့ရှိစမြဲပါ။ ကိုယ်ယုံကြည်ချက်ကို သေချာမှန်ကန်ပြီလို့ယူဆလိုက်ပြီဆိုရင် အဆုံးထိလိုက်ပါ။  ကျွန်တော် တော်တော်များများ မြင်နေရသလောက်ပေါ့။ ဒီအလုပ်တခုကိုလုပ်ရင် ဖြစ်ပါမလား၊ တကယ်လို့မှားသွားရင် အဆူခံရမလား၊ အလုပ်ပဲဖြုတ်ခံရမလား။ အဲလိုအတွေးတွေ ၀င်လာတာဟာ အင်မတန်ဆိုးပါတယ်။ ကိုယ့်အရည်အချင်း ကိုကိုယ်မယုံကြည့်ရကြပါတယ်။ လုပ်လိုက်ပါ။ ဖြစ်အောင်လုပ်လိုက်ပါ။ ဖြစ်သွားမှဖြစ်မယ်။ မဖြစ်လို့မရဘူး။ အဲလိုစိတ်မျိုးရှိမှကောင်းတာပါ။ ဒါမှလဲ ဒီတစ်ခုဖြစ်သွားလို့ လုပ်နိုင်သွားပြီဆိုရင် နောင်လာမယ့် စိန်ခေါ်မှုတွေအတွက် မကြောက်တော့ပဲ ဆောင်ရွက်နိုင်မှာဖြစ်ပါတယ်။

ကျွန်တော်တို့ လူငယ်တွေလည်း ကိုယ်ဘာဖြစ်ချင်လဲဆိုတဲ့ ရည်မှန်းချက် အနာဂတ် ကို ယုံယုံကြည်ကြည်နဲ့ သေသေချာချာဆုံးဖြတ်ချက်ချပီ သေချာဂရုစိုက်ကြိုးစားမယ်ဆိုရင် မဝေးတော့တဲ့ အနာဂတ်မှာ အောင်မြင်မှု့တွေ့ မပျက်မကွက် စောင့်ကြိုနေမှာ အမှန်ပဲ။

ယုံကြည်မှုဆိုသည်မှာ လက်ရှိအချိန်တွင် သက်သေမပြနိုင်သေးသည့် တကယ့်ဖြစ်နိုင်ခြေ အသိတရားပေါ်မှာ ခိုင်မာစွာသဘောပေါက် နားလည်ခြင်းကို ခေါ်သည်။ တနည်းပြောရလျှင် ယုံကြည်မှုသည် သံသယမှ လွတ်ကင်းသည့် သေချာမှုနှင့် သက်ဆိုင်နေသည်။

ရေးတော့ရေးလိုက်တာပဲ။ စာကတော့ ရှေ့နောက်မညီဘူးထင်တယ်။ အစီအစဉ်မကျဘူး။ သည်းခံပြီးသာဖတ်ကြပါတော့။ နောက်ထပ်ရေးစရာ အကြွေးတွေကျန်သေးတယ်။ ရေးပေးပါဦးမယ်။ သည်းခံပြီစောင့်ပါဦး။

လွဲချက်

ဒီနေ့ နေ့လည် ခဏအားလို့ ဘာလုပ်ရင်ကောင်းမလဲ စဉ်းစားနေတုန်း စန္ဒာသူရိယ ဘလော့အတွက် Googel မှာ ရှာလိုက်ဦးမယ်ဆိုပြီး ရှာလိုက် တွေ့ပါလေရော…. Ning website တခုမှာ တွေ့ပါတယ်။ ထာဝရသူငယ်ချင်း ဆိုတဲ့ ဆိုက် လေးပါ။

ကျွန်တော်တို့ စန္ဒာသူရိယ ဘလော့ ကစာတစ်ချို့ကို မှတ်ရှုသူတစ်ယောက်က ပြန်လည်မျှဝေထားတာပါ။ “ ၀ဋ်မှာအမြဲ ၊ ငရဲမှာ အပ” ဆိုတဲ့ ပိုစ့်လေးပါ။ ဘယ်ကနေကူးယူဖော်ပြထားတယ်ဆိုတာ ကိုညွှန်ပြထားတဲ့ အညွှန်းလေးကို ဖတ်ပြီးတော်တော် ခေါင်းကြီးသွားပါတယ်။ အဲဒါနဲ့ ချက်ချင်း စန္ဒာ (မေကျော်) ကိုပြောပြီး ၀င်ရှင်းပြလိုက်ပါဦးလို့ ပြောပြလိုက်ရတယ်။ ဘယ်နဲ့ဗျာ…. သူရေးထားတာက ကြည့်ပါဦး။

“အရှင်စန္ဒာသူရိယ http://sandarthuriya.wordpress.com/ ကူးယူဝေမျှပါသည်”  လို့ရေးထားပါတယ်။

သူရေးထားတာတဲ့ ပုံက ကျွန်တော် (သူရိယ) ကပဲ ဘုန်းကြီးလိုလို၊ စန္ဒာ (မေကျော်) နဲ့ ယုဇနမောင် (ကြယ်စင်)  ကပဲ သီလရှင်တွေလိုလို…

အင်း… နမိတ်ပြနေတာလားမသိပါဘူးဗျာ……..

ဒီပို့စ်လေးရေးဖြစ်ရင် တခါတည်းကြော်ငြာလိုက်ဦးမယ်။ စန္ဒာသူရိယ ဘလော့ ဆိုတာ ကျွန်တော်တို့ မောင်နှမသုံးယောက် တတ်စွမ်းသလောက်လေး ပြုလုပ်ထားတာပေါ့။

သာသနာနှစ် ၂၅၅၃၊ ကောဇာသက္ကရာဇ် ၁၃၇၁ ၀ါဆိုလပြည့်နေ့ ၁၅ ရက်၊ (ဓမ္မစင်္ကြာအခါတော်နေ့) တနင်္လာနေ့၊ ခရစ်နှစ် ၂၀၀၉ ခုနှစ်၊ ဇူလိုင်လ ၆ ရက်နေ့ တွင်စတင်ခဲ့တာပါ။ ဗုဒ္ဓအဆုံးအမ တရားတော်များနှင့် မှတ်သားဖွယ်ရာများသာ သီးသန့်ရေးသား ဖော်ပြတာဖြစ်ပါတယ်။ လာရောက်လေ့လာဖတ်ရှု့ဖို့ ဖိတ်ခေါ်ပါတယ်။

လာရောက်လည်ပတ်ကြတဲ့ မိတ်ဆွေ သူငယ်ချင်းများလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်းနဲ့ စန္ဒာသူရိယ ဘလော့ရဲ့ ဧည့်မှတ်တမ်းလေးမှာ တစုံတခု ရေးပေးသွား ကြပါဦးလို့….

သံစဉ်မဲ့သော ကဗျာတပုဒ်

သိမှ ပိုခင်
မြင်မှ ပိုတမ်း
လွမ်းမှ ပိုတ
ဘ၀နွေလို
သူ…မဆိုခင်

ပိုတယ်လို့ထင်
တလွဲမြင်၍
တမင်ပြစ်ဆို
စိတ်ဆိုးငြိုငြင်
နွေ၏ရင်ခွင်လို
သူ..မဆိုခင်

မသိခင်…ခင်
မမြင်ခင်…တမ်း
မလွမ်းခင်…တ
သည်ဘ၀ထဲ
ရက်စွဲမရှိ
သတိရချင်…

ဝေဟင်ပေါ်က သံစဉ်

ဝေဟင်ပေါ်က သံစဉ်

ဝေဟင်ပေါ်က သံစဉ်

ဘ၀က
မြစ်တစ်စင်းလို စီးဆင်းနေပြီး
ဆန္ဒတွေက တိမ်တွေလို
လေနှင်ရာ လွင့်မျောနေခဲ့တယ်။
လွမ်းတိုင်းမျက်ရည်မကျပေမယ့်
သတိရတိုင်း မျက်ရည်ဝိုင်းခဲ့ရတယ်
မတူညီတဲ့ သံယောဇဉ်နှစ်ခုကြားမှာ
အလွမ်းတွေက ခါးသက်ခဲ့ပေမယ့်
သတိရခြင်းတေးကို သီဆိုလို့
ပန်းတိုင်ရောက်ဖို့အရေး
ခရီးဝေးကို ပျံသန်းရဦးမယ်။